Sunday, September 23, 2007

ပုဂံဘုရားဖူး

လာပြီနော် နောက်ထပ် ပုံလေးတွေ။ ဒီပုံက အုပ်စုလိုက် ရိုက်ထားတဲ့ ပုံပေါ့ . . . အုပ်စုလိုက်ရိုက်ထားတာ အများကြီးရှိပေမယ့် ကျွန်တော်က ဒီပုံလေးကို သဘောကျမိတယ်။



ဒီပုံကတော့ ကျွန်တော့် သူငယ်ချင်း နဲ့ ၇ိုက်ထားတဲ့ ပုံပါ။ သူ့နာမည်က အရှည်ကြီးလို့ခေါ်တယ်။ ငယ်ငယ်ကတည်းက ခင်လာတဲ့ သူငယ်ချင်းပေါ့ ။

ကျွန်တော့်ရဲ့ သူငယ်ချင်းတွေနဲ့ အတူ ရိုက်ထားတဲ့ ပုံတွေပါ။ ပုဂံညောင်ဦးကို လူကြီးတွေမပါဘဲနဲ့ ပထမဆုံး သွားခဲ့တဲ့ ခရီးပေါ့။
တော်တော်လေးကို ပျော်ခဲ့ရပါတယ်။


ဒီပုံကတော့ ကျွန်တော် တစ်ဦးတည်း သီးသန့်ရိုက်ထားတဲ့ ပုံလေးပါ။ ပုဂံပြတိုက်ရှေ့မှာ ရိုက်ထားတာပေါ့။
နောက်ထပ်လာဦးမယ်နော် . . . ၊ လောလောဆယ် ကွန်နက်ရင်နှေးနေလို့ ပြီးမှ ဆက်တင်မယ် ။

Thursday, September 20, 2007

ဘလောက်ကို လာရောက်အားပေးကြတဲ့ အားလုံးကို ကျေဇူးအထူးတင်ပါတယ်ဗျာ။ ကျွန်တော်လည်း ကျောင်းစာမေးပွဲရှိလို့ ပို့(စ်)အသစ်တွေ ထပ်မတင်ဖြစ်ဘူး။ ဒါကြောင့် အားလုံးကို တောင်းပန်ပါတယ်ဗျာ။

Saturday, May 26, 2007

ချန်ပီယံလိဒ် ဖိုင်နယ် ဗိုလ်လုပွဲကြီး


ကျွန်တော်တို့ ဘောလုံးဝါသနာရှင်တွေ စိတ်ဝင်စားကြတဲ့ ချန်ပီယံလိဒ် ဘောလုံးပြိုင်ပွဲကြီးဟာ
အခုဆိုရင် ပြီးဆုံးသွားပါပြီ။ ဗိုလ်လုပွဲကို တက်ရောက်လာကြတဲ့ နှစ်သင်းကတော့ အေစီမီလန်
နှင့် လီဗာပူးအသင်းတို့ ဖြစ်ကြပါတယ်။ 2005 ခုနှစ်တုန်းကလည်း ဒီနှစ်သင်းဘဲ ဗိုလ်လုပွဲကို
တစ်ခု ဆုံခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ အေစီဟာ ပထမပိုင်းမှာ လီဗာပူးအသင်းကို 3 ဂိုးပြတ်
သွင်းထားပေမယ့်လည်း ဒုတိယပိုင်းမှာ လီဗာပူးရဲ့  အမှတ်မထင် တိုက်စစ်ဆင်မှုနဲ့အတူ သုံးဂိုး
ပြန်ပြီး ပေးလိုက်ရပါတယ်။ ဒါနဲ့ဘဲ ပင်နယ်တီကို ရောက်ရှိသွားခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ အေစီ
မီလန်ဟာ ခါးသီးလှတဲ့ ရှုံးကြွေးကို အေသင်မှာ ဆပ်ခဲ့နိုင်ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ ပီယာလို
ကန်တဲ့ ဖရီးကစ်ကဆင့် အင်ဇာဂျီက လမ်းကြောင်းပြောင်းပြီး ဂိုးအဖြစ် ဖန်တီးခဲ့ကြပါတယ်။
ဒုတိယပိုင်းမှာလည်း အေစီကဘဲ နောက်ထပ်တစ်ဂိုး ရရှိသွားပြန်ပါတယ်။ အဲဒီဂိုးကလည်း
အင်ဇာဂျီကဘဲ ကာကာရဲ့ ဖန်တီးမှုမှတဆင့် နောက်တန်းသမားတွေကို ကျော်ပြီး ဂိုးသမားရဲ့ 
ခါးကြားထဲကဘဲ သွင်းယူခဲ့ပါတယ်။ သိပ်မကြာခင် မှာဘဲ လီဗာပူးကလည်း တစ်ဂိုးပြန်သွင်းခဲ့ပါ
တယ်။ အဲဒီတစ်ဂိုးဟာ အေစီပရိသတ်တွေအတွက် ရင်ထိပ်စရာပါဘဲ။ 2005ခုနှစ်ကလိုမျိုး တစ်
ကျော့ပြန်လာသလားလို့ ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ အေစီမီလန်
ဟာ ချန်ပီယံလိဒ်ဖလားကြီးကို ထိုက်ထိုက်တန်တန်ရရှိသွားပါတယ်။



Milan Vs Liverpool (Final) - The best bloopers are a click away

Thursday, May 10, 2007


ရာသီဥတုအပြောင်းအလဲဖြစ်ပြီးသကာလ ကျွန်တော်လည်း ဖျားတော့တာပါဘဲဗျာ။ နှာစေး၊ချောင်းဆိုး၊အအေးမိဖြစ်ပြီး ဖျားနေတော့တာဘဲ။မိုးရွာတဲ့နေ့တုန်းက
ကျွန်တော်က ညအိပ်တော့ ပန်ကာဖွင့်ပြီးအိပ်တော့ အအေးမိတော့တာပေါ့ဗျာ။ ဒါကြောင့်မို့ ကျွန်တော့်ဘလောက်မှာ ပို့စ်တွေအသစ်မတင်နိုင်သေးတာပါ။ ကျွန်တော် အခုတင်ချင်တဲ့ ပို့(စ်)က ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို တင်ချင်တာပါ။ ဒါကြောင့် သူ့အကြောင်းကို စာအုပ်တွေဖတ်ပြီးလေ့လာနေပါတယ်။ ဗမာပြည်ကြီးကို လွတ်လပ်ရေးအရယူပေးခဲ့တဲ့ ဗိုလ်ချုပ်ကို ကျွန်တော်တို့တတွေ မမေ့သေးဘူးဆိုတာရယ်၊ ကျွန်တော်တို့လိုလူငယ်တွေက ဗိုလ်ချုပ်အကြောင်းကိုသိသင့်တယ်လို့ယူဆလို့ အဲဒီပို့(စ်)ကို တင်ချင်တာပါ ။
အဲဒါနဲ့ပတ်သတ်ပြီးပြောချင်တာလေးတွေရှိပါသေးတယ်။ ကျူးပစ်ဖိုရမ်မှာ အဲဒီအကြောင်းနဲ့ ပတ်သတ်ပြီးပြောကြတော့ ကျူးပစ်မန်ဘာ တစ်ယောက်ပြောသွားတာလေးကို သတိရလို့ပါ။ “ တခါက မူလတန်းကျောင်းတစ်ကျောင်းတွင် ကျောင်းဆရာတစ်ယောက်က သူ့၏တပည့်ကျောင်းသားများကို မေးခွန်းတစ်ခုမေးလေသည်။ “ တို့မြန်မာနိုင်ငံကြီးကို ဖတ်ဆစ်ဂျပန်နဲ့ နယ်ချဲ့ အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေးရအောင် တိုက်ခဲ့တာဟာ ဘယ်သူတွေလဲ ” လို့ မေးသတဲ့ ။ အဲဒီအခါမှာ ကျောင်းသားတစ်ယောက်က “သီဟတင်စိုး” တဲ့ ။ နောက်တစ်ယောက်
ကလည်း အားကျမခံ “ သီဟတင်စိုးမဟုတ်ဘူး ၊ နေထင်လင်း ဖြစ်တယ် ”လို့ ဖြေသတဲ့။ ဒါကြောင့် ကျွန်တော်တို့ လူငယ်တွေ ဗိုလ်ချုပ်အကြောင်းကို သိအောင် လေ့လာထားသင့်တယ်လို့ ထင်လို့ ဗိုလ်ချုပ် သမိုင်းကြောင်းကို တင်လိုခြင်းဖြစ်ပါတယ်။ ခဏလောက်တော့ စောင့်ပါဦးလို့ ။
ကျွန်တော်နေပြန်ကောင်းတယ်အချိန်ကျရင် ဗိုလ်ချုပ်အကြောင်းကို ဖတ်လို့ရအောင် ကြိုးစားပြီး တင်ထားပေးပါ့မယ် ။

Friday, May 4, 2007

ရာသီဥတု


အနောက်တိုင်းနိုင်ငံမှာဆို နေသာသောနေ့ကို ရာသီဥတုသာယာတဲ့နေ့အဖြစ် သတ်မှတ်ကြတယ်။ ဒီမှာကတော့ နွေရာသီဆိုတော့
နေပူတာကို မနှစ်မြို့ ကြဘူး။ ကျွန်တော်လဲ မကြိုက်ဘူး။ ဒီနေ့ကတော့ ရာသီဥတုက တော်တော်လေးသာယာတယ်။ မနေ့ည
က မိုးရွာထားတော့ အရမ်းအိပ်လို့ကောင်းတယ်။ မနက်မိုးလင်းတော့လဲ မိုးရွာထားတော့ မြေသင်းရနံလေးက စိတ်ကိုကြည်နူးစေ
တယ်။ နေ့လယ်တစ်နာရီလောက်ထိ မိုးရနံလေးက မပြယ်သေးဘူး။ မိုးတိမ်တွေက ကောင်းကင်မှာ နေရာတော်တော်များများကို
ယူထားလို့ နေမင်းကြီးလည်း အရင်နေ့တွေကလို အစွမ်းကုန်မပူနိုင်ဘူး။ ကျုံးဘေးကို ဆိုင်ကယ်နဲ့လျှောက်သွားလို့တော့ ပြင်ဦးလွင်
က ရာသီဥတုကို သတိရမိတယ်။ ဒီလိုနေ့မျိုးရာသီဥတုကို အရမ်းကြိုက်တယ်ဗျာ။ မိုးလည်းအရမ်းမရွာဘူး၊ နေလည်းအရမ်းမပူဘူး၊
အရမ်းကြီလည်းမချမ်းဘူး၊ နေလို့ထိုင်လို့ကောင်းတဲ့ ရာသီဥတုမျိုးဘဲဗျာ . . . ။

Tuesday, May 1, 2007

အေအိုင်ဒီအက်စ် တိုက်ဖျက်ဖို့ အားလုံးပါဝင်ဆောင်ရွက်စို့


ဒီကာတွန်းပုံလေးတွေကတော့ ကာတွန်းဦးကံချွန်ရဲ့  လက်ရာတွေပါ ။ AIDS ရောဂါတိုက်ဖျက်ရေးအတွက်
ပညာပေးကာတွန်းလေးတွေပါ။ “အေအိုင်ဒီအက်စ် တိုက်ဖျက်ဖို့ အားလုံးပါဝင်ဆောင်ရွက်စို့” ဆိုတဲ့ ဆောင်
ပုဒ်ကို ဦးတည်ထားတဲ့ World Vision က ထုတ်လုပ်တဲ့ ပိုစတာလေးပါ။








Monday, April 30, 2007

ကာတွန်း


ကာတွန်းပုံတွေကို ကျွန်တော်တို့ ငယ်ငယ်တုန်းကတည်းက ရင်နှီးခဲ့ကြတာပါ။ ငယ်ငယ်တုန်းကဆို
ကာတွန်းဂျာနယ်မှာ ရွှေသွေးကို ကျွန်တော် စွဲစွဲမြဲမြဲ ဖတ်ခဲ့တယ်။ အိမ်ကလူကြီးတွေက ရွှေသွေး
ဂျာနယ်ကို အပတ်စဉ်ဝယ်ပေးကြတယ်လေ။ နောက် အသက်ကြီးသွားတော့လည်း ကျွန်တော်တို့
ကာတွန်းတွေနဲ့ မလွတ်ကင်းကြပါဘူး။ တစ်ခုခုကို လှောင်ပြောင်ပေးချင်ရင်ဖြစ်စေ ၊ အကြောင်း
တစ်ခုခုကို ပြောချင်ရင်ဖြစ်စေ ကာတွန်းနဲ့ ပုံဖော်ကြပါတယ်။ အခုတင်ပေးမယ့် ပုံလေးကတော့
မြန်မာ့ဓန စာအုပ်ထဲက ကာတွန်းလေးတစ်ခုပါ။ အားလုံးဘဲ ခံစားကြည့်ကြပါဦးလို့ . . . ။


“ အမေ “


အမေဆိုတဲ့ ဝေါဟာရကို ကျွန်တော် သိကျွမ်းခဲ့တာကြာပါပြီ။ သိတက်စအရွယ်ကတည်းက ဆိုပါတော့။ ဒါပေမယ့် အဲဒီဝေါဟာရ
ရဲ့  အနက်က အလွန်နက်တယ်ဆိုတာကို ကျွန်တော်သိတာ မကြာသေးပါဘူး ။ ကျွန်တော့ အပေါင်းအသင်းတွေကတော့ သူ့တို့
ရဲ့ အမေက အမြဲတမ်း နားပူလိမ့်ရှိတယ်လို့ ပြောဘူးတယ်။ ကျွန်တော့်ရဲ့  အမေကလည်း ဒီအတိုင်းပါဘဲ ။ ကျွန်တော်အိမ်ပြန်သွား
လို့ အိမ်ပေါက်ကိုတောင်မရောက်သေးဘူး ၊ အမေ့ရဲ့  အော်ဟစ်နေတဲ့အသံကိုကြားနေရတယ်။ ( အက်ဆစ်ရဲ့ သီချင်းစာသားလေး
ကိုတောင် သတိရတယ် “ ငါ့အမေရဲ့  ရပ်(စ်) သီချင်းသံလား ” ) ။ ဟား . . . ဟား . . . ဟုတ်တယ်ဗျ။ လူတွေက အသက်ကြီးလားရင် နားတော်တော်ပူတယ်၊ ကဂျီကကြောင်များတယ်။ ကျွန်တော့်ကိုတွေ့တာနဲ့ အမေက ပြောစရာရှိတာတွေကို တရစပ် ( စစ်သေနတ်နဲ့ ပစ်သလို ) ပြောတော့တာဘဲဗျာ။ နားတောင် မီးခိုးတွေထွက်တယ်။ တခါက အမေခရီးသွားနေရလို့ အိမ်မှာ အမေ မရှိတဲ့အချိန် ကျွန်တော် အိမ်ပြန်ရောက်တော့ အိမ်က တိတ်ဆိတ်နေတယ် ။ တခုခု လိုနေသလို ခံစားရတယ်။ ပုံမှန်ဆိုရင် အမေရဲ့  အော်သံတွေပြောသံတွေ ကြားရတယ်။ အမေရှိတုန်းကတော့ အဲဒီအသံတွေက တော်တော်နားပူတာဗျ။ အမေ ခရီးသွားနေလို့ အိမ်မှာ မရှိတဲ့အချိန်ကျတော့ ဒီအသံလေးတွေ နွေးထွေးမှု ၊ ချစ်ခင်မှုတွေ ဆိုတာကို နားလည်လာတယ်။ အော် . . . ဒါတောင် အမေက ခရီးသွားနေရလို့ မရှိတာ ။ အမေ မရှိကျတဲ့ လူတွေအတွက် ကျွန်တော် တော်တော်လေး ကိုယ်ချင်းစာပါတယ်။ သူတို့မှာ ချွဲဖို့ ၊ နွဲ့ဖို့ ၊ အကြင်နာတွေ ပေးတက်တဲ့ မိခင်မရှိရှာဘူးဆိုတော့လေ . . .။ ဒီတော့မှ ကျွန်တော်လည်း အမေ ရဲ့  တန်ဖိုးကိုနားလည်လာတယ် ။ “ အမေ”ဆိုတဲ့ ဝေါဟာရ ရဲ့  အနက်ကို သိလာတယ်။ ကျေးဇူးကြီးမားလှပါတယ် အမေ . . .။



ဒီပုံက ကျွန်တော် ငယ်ငယ်တုန်းက အမေနဲ့ ခရီးသွားတုန်းက ရိုက်ခဲ့တဲ့ပုံလေးပါ

Monday, April 23, 2007

အတုယူသင့်တဲ့ အပြုအမူ


ကျွန်တော်အခုဖတ်ဖြစ်တဲ့ စာအုပ်တစ်အုပ်မှာပါတဲ့ စာကြောင်းလေးကို တော်တော်လေးကို သဘောကျနေမိတယ်။
ဒါကြောင့် ကျွန်တော့် ဘလောက်မှာတင်ဖို့ စဉ်စားမိတယ်။ စာရေးသူကတော့ ဦးသိန်းရွှေ ရေးတာဖြစ်ပြီး စာအုပ်
နာမည်ကတော့ စီမံခန့်ခွဲမှုပညာပါ ။ အဲဒီစာအုပ်ထဲကမှာ ကျွန်တော်အကြိုက်ဆုံး စာပိုဒ်လေးကို ရွှေးထုပ်ပြီး တင်
ပြသွားပါမယ်။

အမျိုးသား စီပွားရေးတိုးတက်ရေးကို ကိုယ့်အရေးဟု သဘောထားတက်ကြပုံ

တစ်ခါက ဗြိတိသျှကုန်သည်ကြီး တစ်ဦးသည် ဂျပန်နိုင်ငံ မီးရထား ပထမတန်းတွဲတစ်တွဲတင် ဂျပန်အဘိုးကြီးတစ်ဦး
နှင့် တစ်ခန်းတည်းစီးပြီး ခရီးသွားနေစဉ် မှတ်သားလောက်သော ဖြစ်ရပ်တစ်ခု ကြုံတွေ့ခဲ့ရသည် ။ မိမိရှေ့ တွင် ထိုင်
နေသည့် ဂျပန်အဘိုးကြီးသည် ရထားတွဲထိုင်ခုံ စုတ်ပြဲနေသည်ကို ကိုယ်တိုင်ချုပ်လုပ်နေသည်ကိုတွေ့သဖြင့် ဗြိတိသျှ
ကုန်သည်က အဘိုးကြီးမှာ မီးရထားအမှုထမ်းတစ်ဦးဖြစ်မည်ဟု တွက်လိုက်သည်။ သို့ရာတွင် အဘိုးကြီး၏ လက်ဆွဲ
အိတ်ပေါ်တွင် ရေးထားသည့်ရာထူးမှာ ထင်ရှားသော ဂျပန်အဖွဲ့အစည်းတစ်ခု၏ ဦးဆောင်ညွှန်ကြားရေးမှုးဖြစ်ကြောင်း
တွေ့ရ၏။ ထိုအခါမှ ပိုမို အံ့သြသွားကာ “ခင်ဗျား ဘာလုပ်နေတာလဲ” ဟု အဘိုးကြီးအား မေးရာ၊ အဘိုးကြီးက ခပ်အေး
အေးပင် “ထိုင်ခုံစုတ်ပြတ်နေတာကို ချုပ်နေတာပါ” ဟုဖြေ၏။ ဗြိတိသျှဧည့်သည်က “မီးရထားထိုင်ခုံစုတ်ပြဲနေတာ ခင်ဗျား
နဲ့ ဘာမျှမဆိုင်ဘူးမဟုတ်ဘူးမဟုတ်ပါလား” ဟုပြန်ပြီးပြော၏ ။ အဘိုးကြီးက “ဘယ်နှယ့် မဆိုင်ရမလဲဗျာ၊ မီးရထားပိုင်
ထိုင်ခုံဟာ တစ်မျိုးသားလုံးပိုင်တဲ့ ထိုင်ခုံပဲ ၊ တစ်မျိုးသားလုံးပိုင်တဲ့ ထိုင်ခုံဆိုတော့ ကျွန်တော့် ထိုင်ခုံဆိုလဲ ဟုတ်တာပေါ့
ဒီတော့ ကျွန်တော်က အစုတ်ကို ပြင်ချုပ်တာ ကျွန်တော့်အလုပ်မဟုတ်ဘူးလား” ဟု ပြန်ပြော၏။ ဂျပန်နိုင်ငံသားတို့က
တစ်ဦးချင်းဖြစ်စေ၊ နိုင်ငံနှင့် ချီပြီးဖြစ်စေ ကောင်းစားရန်မှာ ချွေတာမှုနှင့် အလုပ်ကို ရိုးရိုးသားသားလုပ်ကိုင်ကြမှသာ ဖြစ်
နိုင်ကြောင်း ကောင်းစွာ နားလည်ထားသူများ ဖြစ်ကြ၏ ။ ။

Thursday, April 19, 2007

ဒီနှစ်သင်္ကြန်မှာ လုပ်ဖြစ်ခဲ့တဲ့ အလုပ်လေးတွေ

အခုဆိုရင် သင်္ကြန်ပွဲတော်ကြီးဟာ အောင်မြင်စွာပြီးဆုံးသွားပါပြီ ။ ဒီနှစ်သင်္ကြန် လည်ရာမှာ ၄ရက်သာပြီးသွားတယ် ။
တောင်ဘက်ကျူံးကို အပြည့် မရောက်ဖြစ်လိုက်ဘူး။ အနောက်ဘက် ကျူံးနဲ့ မြောက်ဘက်ကျူံးဆို ခြေဦးတောင်မလည့်
ဖြစ်လိုက်ဘူး ။ တောင်ဘက်ကျူံးတစ်ခုတည်းနဲ့ သင်္ကြန်ကြီးက ပြီးဆုံးသွားတယ်။ တောင်ဘက်ကျူံးကလဲ တိုးလို့ကို
မပေါက်ဘူးဖြစ်နေတယ်။ ကားတွေကလဲ မထွက်တော့ဘူး ။ ဒါကြောင့် ဒီနှစ်သင်္ကြန်မှာ ကျူံးကို အပြည့်မပတ်လိုက်ရဘူး။
ဦးပိန်တံတားကိုလဲ မသွားဖြစ်လိုက်ဘူး ။ အကြိုနေ့ကတော့ ပြင်ဦးလွင်ကိုတက်လိုက်ပါတယ် ။ လမ်းမှာရေတွေကပတ်
ပြင်ဦးလွင်လဲ ရောက်ရော ချမ်းလိုက်တာများဗျာ ။ ပြောမနေပါနဲ့တော့ ။ အဲဒီတစ်ရက်တည်းနဲ့ကို တော်တော်လေးပင်ပန်း
သွားတယ်။ နှစ်ဆန်းတစ်ရက်နေ့ကျတော့ လူကို ပင်ပန်းလွန်းလို့ အိမ်မှာဘဲ အိပ်နေရတယ်။ ဘုရားကို နှစ်ဆန်းနှစ်ရက်နေ့
မှ သွားဖြစ်တယ်။ နှစ်ဆန်းတစ်ရက်နေ့သွားရင်လဲ မဟာမြတ်မုနိဘုရားမှာ လူတွေကအရမ်းကိုစည်နေတာနဲ့တင် ဘုရားကို
အာရုံပြုလို့ရမှာမဟုတ်လောက်ပါဘူး ။ ကဲ . . . ဒါကတော့ ဒီနှစ်သင်္ကြန်မှာ လျှောက်လည်ဖြစ်ခဲ့တဲ့ နေရာလေးတွေပါ ။

Wednesday, April 11, 2007

ချန်ပီယံလိဒ် ဘောလုံးပွဲ

ကျွန်တော်က ဘောလုံး ၀ါသနာအိုးပါ ။ ဒါကြောင့်လဲ ဘောလုံးပွဲတွေလာရင် မအိပ်ဘဲနဲ့ကို ကြည့်ပါတယ် ။ အခုပြောမယ့် အကြောင်းအရာကတော့ . . .

ချန်ပီယံလိဒ်ကွာတားဖိုင်နယ်ပွဲမှာ ချယ်ဆီး နဲ့ မန်ယူဟာ အသီးသီးအနိုင်ရရှိပြီး ဆီမီးအဆင့်သို့ တက်ရောက်သွားပါပြီ ။ လီဗာပူးအသင်းကလဲ
ပီအက်ဗီကို အဝေးကွင်းမှာ သုံးဂိုးသွင်းထားပြီး မနက်ဖြန်မနက် 1 နာရီ 15မှာ ဒုတိယအကျော့ကို လီဗာပူးအိမ်ကွင်းမှာ ကန်ရဦးမှာပါ။ လီဗာပူး
ကလဲ ဆီမီသို့ သေချာပေါက် တက်ရောက်ဖို့ရှိပါတယ် ။ ဒါကြောင့် ချန်ပီယံလိဒ်မှာ အင်္ဂလန် အခြေစိုက် ကလပ်အသင်းသုံးသင်းစလုံးဟာ ဆီမီးက
ို တက်ရောက်ကြမှာပါ။ချယ်ဆီးဟာ လီဗာပူးနဲ့ တွေ့မှာဖြစ်ပြီး ၊ မန်ယူဟာ ဘိုင်ယန်(သို့မဟုတ်) အေစီမီလန် နဲ့တွေ့ဖို့ရှိပါတယ်။ ဘိုင်ယန်နဲ့ အေစီမီလန်
မှာလဲ ဘိုင်ယန်က ဆီမီးသို့ တက်ဖို့ အခြေအနေပေးနေပါတယ် ။ အေစီမီလန် အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းက အဝေးဂိုး နှစ်ဂိုးရထားလို့
ဘိုင်ယန်တို့ အိမ်ကွင်းမှာ ဂိုးမရှိသရေ ကန်ရင်ကို ဆီးမီးသို့တက်မှာပါ ။ ယနေ့မနက်က ကန်သွားတဲ့ မန်ယူနဲ့ ရိုးမား ၊ ချယ်ဆီးနဲ့ ဗလင်စီယာ က
သွင်းသွားတဲ့ ဂိုးတွေကိုအောက်မှာ ကြည့်လို့ရအောင် တင်ထားပေးပါတယ် ။



Chelsea - For more funny videos, click here

Tuesday, April 3, 2007

ကျွန်တော် ပထမဆုံး ရေးခဲ့တဲ့ ကဗျာလေး

ကျွန်တော် ပထမဆုံး ရေးခဲ့တဲ့ ကဗျာလေး

ကျွန်တော် ကဗျာ စရေးတက်တုန်းက ပထမဆုံး သူငယ်ချင်းတစ်ယောက်နဲ့ ပေါင်းရေးထားတဲ့ ကဗျာလေးကို အားလုံဖတ်ကြည့်စေလိုပါတယ် ။
ကဗျာလေးကို " ဆယ့်နှစ်ရာသီ အချစ် " လို့ နာမည်ပေးထားပါတယ် ။ ကဗျာကြိုက်တက်တဲ့ သူငယ်ချင်းများ ခံစားကြည့်ကြပါဦး ။



ဆယ့်နှစ်ရာသီ အချစ်


တန်ခူး . . .
ရင်ထဲက အချစ်ဖူးတွေနဲ့
နှစ်ကူးမှာ ပွင့်ဖူးခဲ့ပြီ
ကိုယ့် ရဲ့  အချစ်ဦး ။

ကဆုန် . . .
ကိုယ်ကြုံခဲ့တဲ့ မင်းရဲ့  အပြုံးက
ခုန်နေတဲ့ နှလုံးသားကို
တုန်နေအောင် ပြုစားခဲ့ရော့လား။

နယုန် . . .
ကြုံသလိုကြည့်တက်တဲ့ မင်းရဲ့  အကြည့် က
ယုန်တွေလို ဖြူစင်နေခဲ့တော့
မယုံဘူးမပြောပါနဲ့
ကိုယ်ရင်တွေမောရပြီ မင်းအတွက်။

ဝါဆို ၊ ၀ါခေါင် . . .
ရေဖောင်ဖောင်မှာ
နွေခေါင်ခေါင် မဟုတ်ပေမယ့်
ရင်ထဲမှာ ပူလောင်နေခဲ့မိတယ်။

တော်သလင်း . . .
မျှော်လင့်ခြင်းများစွာနဲ့
စောင့်စားရင်းပေါ့။

သီတင်းကျွတ် . . .
မင်းပစ်လွှတ်မယ့် နှလုံးသားမီးပုံးပျံဟာ
ရူးသွပ်တဲ့ ကိုယ့်အတွက် ဖြစ်ပါစေလို့
ဆုတောင်းနေမိတယ်
ကောင်မလေးရယ် . . . ။

တန်ဆောင်မုန်း . . .
ရှောင်ပုန်းသွားတာလားလို့ ကိုယ်စိုးရိမ်ခဲ့တယ်
လှောင်ပြုံးတွေနဲ့ မကြည့်ပါနဲ့
ကိုယ်တကယ်အကြောက်ဆုံးပါဘဲ ။

နတ်တော် . . .
အပျော်ဆုံးလပါဘဲ
ကျွန်တော်ပြုံးတော့ သူကပြောတယ်
အချစ်ဆုံးပါတဲ့ ။

ပြာသို . . .
တူနှစ်ကိုယ်လျှောက်လည်ကြတော့
သူတကယ်ချစ်တာလားလို့မေးတဲ့
မင်းရဲ့  နှင်းဆီရောင် နှုတ်ခမ်းပါးလေးကို
ကိုယ်ကနမ်းတော့ မင်းကပြောတယ်
သွား . . . " လူဆိုး " တဲ့ ။

တပို့တွဲ . . .
နှစ်ကိုယ်တွဲမသွားရဲလောက်အောင်
ကိုယ့်ကို ကြောက်မသွားပါနဲ့
ကိုယ်အမြဲမဆိုးတက်ပါဘူး။

တပေါင်း . . .
လ ဟောင်းမှာ ပျော်မြုးခဲ့တော့
နှစ်ကူးမှာ ရွှင်မြူးရအောင်
စိတ်ကူးထားတော့
ကိုယ့်ရဲ့  အချစ်ဦး ။ ။

Monday, April 2, 2007

Tool Menu မှ Folder Options ပျောက်သွားခြင်းကို ပြန်လည်ပြင်ဆင်နည်း

အခုတစ်လော ကျွန်တော်တို့ရဲ့  ကွန်ပြူတာကို virus တွေက တိုက်ခိုက်လို့ Folder Options ပျောက်နေလို့ စိတ်ညစ်နေတဲ့ ညီအကိုများအတွက် Folder Option
ကို ပြန်ပြီး အသုံးပြုလို့ ရအောင် ပြုလုပ်နည်းကို တင်ပြပေးသွားပါမယ် ။ အောက်ပါနည်းလမ်းအတိုင်း ဆောင်ရွက်လိုက်ရင် ပြန်လည် အသုံးပြုလို့ ရပါပြီ ။

Start > Run ကိုဖွင့်ပါ ။
Run တွင် regedit ဟု ရိုက်ထည့်  လျှင် Registry Editor ပွင့်လာပါမည်။
၎င်းတွင် HKEY_CURRENT_USER ကိုရွေးချယ်ပြီး အဲဒီနောက် Software>Microsoft>Windows>CurrentVersion>Policies>Explorer တို့ကို
တစ်ဆင့်ချင်း ဖွင့်သွားပါ ။ ၄င်း Explorer သို့ မောက်စ် ကလစ် နှစ်ချက် နှိပ်လိုက်ပါ ။ထိုအခါ ညာဘက်ရှိ မြင်ကွင်းအတွင်း No Folder Options ဟူသော
value ကို တွေ့  လျှင် delete လုပ်လိုက်ပါ ။ အကယ်လို့ အထက်ပါနည်းလမ်းနဲ့ လုပ်လို့မှ မရလို့ ရင်တော့ နောက်တစ်နည်းရှိပါသေးတယ် ။

Start > Run အဲဒီနောက် regedit လို့ ရိုက်ပြီး ပေါ်လာတဲ့ Registry Editor dialog box ၏ Edit > Find . . . ကိုဖွင့်ပြီး "Find what :" တွင် Folder Options
ဟု ရိုက်ထည့်ပါ ။ ထို့နောက် Folder Options ၏ 'Reg_dword' တန်ဖိုးကို '1' သို့ ပြောင်းပေးလိုက်ပါ ။ တစ်ချို့  က registry တွင် အထက်ပါ ပုံစံမျိုး မတွေ့ရပါ
ဘူးဆိုရင် Run တွင် 'gpedit.msc'လို့ ရိုက်ထည့် လိုက်ပါ။ ထိုအခါ 'Group Policy ( dialog box)' ပေါ်လာပါမည်။ ၄င်းတွင် 'User Configuration >
Administrative Templates > Windows Components >Windows Explorer ကိုရွေးချယ်ပြီး မောက်စ်ဖြင့် ကလစ်ပြုလုပ်ပြီး ဖွင့်လိုက်ပါ။ မြင်ကွင်းညာဘက်အတွင်း
ပေါ်လာသော Setting များမှ 'Removes the Folder Options menu item from the Tools menu ' ကိုရှာ ပြီး မောက်စ်ညာကလစ်ပြုလုပ်ပါ။ ပေါ်လာသော pop up menu
မှ 'Disable' ကိုရွေးချယ်ပြီး Apply လုပ်လိုက်ပါ။ ဒါဆိုရင် အားလုံးဘဲ အဆင်ပြေသွားပါလိမ့်မယ် ။ အရေးကြီးတဲ့ ဖိုင်တွေကို Hidden လုပ်ထားတဲ့ ညီအကိုများ စိတ်မညစ်ကြပါနဲ့ တော့ ။

မြန်မာတို့ ရဲ့  စုံစည်းရာ ဖိုရမ်လေး တစ်ခု


ကျွန်တော် အခုပြောမယ့် ၀က်ဆိုက်လေးက ဖိုရမ်လေး တစ်ခုပါ ။ ကျွန်တော် စွဲစွဲမြဲမြဲ အသုံးပြုနေကျ ၀က်ဆိုက်လေး တစ်ခုပါ ။ အဲဒီ ၀က်ဆိုက်က
မန်ဘာ အများစုက မြန်မာတွေပါ ။ အဲဒီ မြန်မာတွေရဲ့  အတွေ့ အကြုံတွေ ၊ သူတို့ ကြိုက်တဲ့ သီချင်းတွေ ၊ ဗီဒီယို ဖိုင်တွေ၊ ရုပ်ပုံတွေ၊ ဂျာနယ်တွေ ၊
စာအုပ်တွေ ကို စုစည်းပေးထားပါတယ် ။ နောက်ထက် ကြည့်  ချင်စရာ ၊ ဖတ်ချင်စရာလေးတွေ အများကြီး ပါဝင်ဖွဲ့ စည်းထားပါတယ် ။ ဆော့ဝဲ
အသစ်တွေ ၊ သင်လိုအပ်နေတဲ့ ဆော့ဝဲလေးတွေကိုလဲ အဲဒီက မန်ဘာတွေဆီကနေ တောင်းဆိုနိုင်ပါတယ်။ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ နည်း
ပညာ . . . စသည့် လိုအပ်ချက်တွေနဲ့ ပြည့်  စုံနေတဲ့ အဲဒီဖိုရမ်း ၀က်ဆိုက်လေးကတော့ www.myanmarcupid.net ။ အားလုံးဘဲ လာရောက်လည်
ပတ်ကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါတယ် ။

အားလုံးဘဲ မင်္ဂလာပါ ။


ကျွန်တော်တို့မြန်မာလူမျိုးများရဲ့  နှစ်သစ်ကို ကြိုဆိုတဲ့ သင်္ကြန်ပွဲတော်ကြီး ကျရောက်မဲ့ အချိန်ဟာဆိုရင် အခုဆို တော်တော်လေး နီးကပ်နေပါပြီ
ကျွန်တော်လဲ ဒီနှစ်သင်္ကြန်မှာ သူငယ်ချင်းတွေနဲ့ လျှောက်လည်ရင် ကောင်းမလား ၊ ဒါမှမဟုတ် ခရီးသွားရင်ကောင်းမလားလို့ စဉ်းစားနေတာပါ ။ အခုထိတော့
အဖြေမထွက်သေးဘူး ။ သင်္ကြန်ကျရင် ကျွန်တော်တို့ မန်းလေး မြို့  ကြီးကတော့ အစည်ဆုံးလို့ ထင်ပါတယ် ။ ကျူံးပတ်လည်မှာ ကားများ ကြိတ်ကြိတ် တိုးလို့
စည်ကားနေတာပါ။ ကန်တော်ကြီးဘေးမှာလဲ အခုနှစ်တွေမှာ စည်ကားစပြုလာပါပြီ ။ ဦးပိန် တံတားကတော့ ရှေးရိုးရာမပျက် စည်ကားလျက်ရှိပါတယ် ။ ကဲ . .
ဘော်ဘော်တို့ကော ဘယ်လိုအစီအစဉ်တွေများ ရှိကြမလဲ မသိဘူးနော် . . . ။ ။